MM ENG

၁။   Amara Communications Co., Ltd သည် ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရန် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) နှင့် လှိုင်းနှုန်းစဉ်အသုံးပြုခွင့်လိုင်စင်များကိုရရှိထားသော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုအခါတွင် ပိုမိုကောင်းမွန်သော အရည်အသွေးပြည့်မီသည့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ဆက်သွယ်ရေးကွန်ရက် မွမ်းမံတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စည်းမျဉ်း၊ စည်းကမ်း၊ လမ်းညွှန်ချက်များနှင့်လိုက်လျောညီထွေမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းရေရှည် ရပ်တည်ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် မဟာဗျူဟာ အပြောင်းအလဲ ပြုလုပ်ကြောင်း ကြေငြာလိုက်သည်။

၂။   Amara Communications Co., Ltd အနေဖြင့် များမကြာမီ နှစ်ကာလအတွင်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများအတွက် နည်းပညာနှင့် ကွန်ရက်လွှမ်းခြုံမှု အဆင့်မြှင့်တင်ထားသော ဝန်ဆောင်မှုပြုလုပ်နိုင်ရန် Ananda 4G+ LTE နည်းပညာဖြင့် လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော မြန်နှုန်းမြင့် (ကြိုးမဲ့) အင်တာနက်ဝန်ဆောင်မှုကို (၃၁.၁၂.၂၀၂၄) ရက်နေ့မှ စတင်ကာ ယာယီရပ်ဆိုင်းသွားမည်ဖြစ်သည်။

၃။   သို့ရာတွင် လက်ရှိဝန်ဆောင်မှု ရယူသုံးစွဲလျက်ရှိသည့် အများပြည်သူများအား ထိခိုက်နစ်နာမှုမရှိစေရန်နှင့် အဆင်ပြေချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဖိုင်ဘာအင်တာနက်အခြေခံဝန်ဆောင်မှုများဖြင့် အစားထိုး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။   Amara Communications Co., Ltd သည် 4G+ LTE နည်းပညာဖြင့် ဝန်ဆောင်မှုပေးထားသည့်မြန်နှုန်းမြင့် (ကြိုးမဲ့) အင်တာနက်ဝန်ဆောင်မှု ရပ်ဆိုင်းထားသောကာလတွင် ဈေးကွက်လိုအပ်ချက်နှင့်အညီ ပိုမိုကောင်းမွန်ပြီး အရည်အသွေးပြည့်မီသည့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ဖိုင်ဘာအင်တာနက်အပါအဝင် နည်းပညာအသစ်များနှင့်ဆက်သွယ်ရေးအခြေခံအဆောက်အဦများ ချဲ့ထွင်ခြင်းလုပ်ငန်းကို ပြုပြင်မွမ်းမံတိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ပါသည်။

၅။   ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်ချက်များ၊ ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများကိုလိုက်နာ၍ ဆက်သွယ်ရေးကဏ္ဍ စံချိန်စံညွှန်းများအတိုင်း ဆက်သွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးတက်ဖွံဖြိုးစေရန်ဆောင်ရွက်ရာတွင် ဝန်ဆောင်မှုအရည်အသွေးများပြည့်မီစေရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၆။   သုံးစွဲသူများအား ပိုမိုမြန်ဆန်၍ လုံခြုံကောင်းမွန်သော ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုများပေးနိုင်ရန်စီစဉ်ထားပြီး နောက်ဆုံးပေါ်နည်းပညာများနှင့် အခြေခံဆောက်အဦများအပေါ် အလေးပေး၍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

၇။   ယခုကဲ့သို့ မြန်နှုန်းမြင့် (ကြိုးမဲ့) အင်တာနက်ဝန်ဆောင်မှု ယာယီရပ်ဆိုင်း၍ ဆက်သွယ်ရေးအခြေခံ အဆောက်အဦတိုးမြှင့်ခြင်းနှင့် အခြားဝန်ဆောင်မှုများဆောင်ရွက်ခြင်းသည် ပိုမိုခေတ်မီဆန်းသစ်သည့် လူနေမှုစနစ်နှင့် သုံးစွဲသူလိုအပ်ချက်များအလိုက် ဝန်ဆောင်မှုပေးနိုင်သည့် ပိုမိုကောင်းမွန်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ချဲ့ထွင်ခြင်းဖြစ်သည်ဟု Amara Communications Co., Ltd ၏ အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့မှ ခံယူပါသည်။

၈။   Amara Communications Co., Ltd မှ သုံးစွဲသူအများပြည်သူများ၊ ဝန်ထမ်းများနှင့် လုပ်ငန်းတွဲဘက်အဖွဲ့အစည်းများသို့ လုပ်ငန်းဆောင်ရွက်တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများကို အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရန် ထုတ်ပြန်အသိပေးသွားမည်ဖြစ်ပါသည်။



ဒါရိုက်တာအဖွဲ့

Amara Communications Co., Ltd